h1

ကလေး ရေချိုးခြင်း

July 30, 2009

ကလေးကို တစ်နေ့ ကို ဘယ်နှကြိမ်မှ တစ်ခါ ရေချိုးပေးမယ်လို့ ပုံမှန်ရယ်လို့တော့ မရှိ။ ရာသီဥတု အေးလျှင် တစ်မျိုး၊ ပူလျှင် တစ်မျိုး တော့ရှိမည်.။ အညာမှာ တော့ လူကြီးတွေကအစ ရေကြောက်ကြတယ်။

ကလေးကို မွေးကတည်းက ခြောက်လသား အထိ ရေနှစ်ခါသာ ချိုးပေးဖူးသော မိဘ အကြောင်းကို ကျွန်တော် ဆောင်းပါး ထဲ ထည့်ရေးခဲ့ဖူးသည်။

ကလေးကို ရေမချိုးပေးသဖြင့် ကြေး(ဂျီး)ထူရာက အနာပေါက်၊ အနာပေါက်ရာက ကျောက်ကပ်ရောင်သည့် ကလေးတွေ တွေ့ရတာ များလွန်း သဖြင့် `ရေမချိုး လို့ မဖြစ်သည့် ရောဂါ´ အမည်ဖြင့် ကျောက်ကပ်ရောင် ရောဂါ အကြောင်း လည်း ရေးခဲ့ ဖူးသည်။

ရေချိုးသည့် နေရာမှာ ကလေး ဖျားလျှင် ရေချိုးလို့ ဖျားတာဟု သတ်မှတ် ပါက မိုးရွာတာ ဖားအော်လို့ ဆိုတာမျိုး ကြုံသလို အတင်းဆွဲ ဆက်စပ် ယူထားသည့် အခြေ အမြစ် မခိုင်လုံ ၊
သိပ္ပံနည်း မကျသော ကောက်ချက်သာ ဖြစ်လိမ့်မည် ဟုလည်း ကျွန်တော် ရေးခဲ့ ပါသည်။ ပူသည့် ရာသီ တစ်နေ့ တစ်ခါတော့ ချိုးပေါ့။ ဆော့ထားလို့ ချွေးတွေ သံတွေနှင့် ဖြစ်နေလျှင်လည်း ချွေးတိတ်အောင် ခဏ စောင့်ပြီး ထပ်ချိုးပေါ့။ အေးသည့် ရာသီကျတော့ ရေနွေးစပ်ချိုး၊ တစ်ရက်ခြားလောက် ချိုးပေါ့။

သေချာတာ ကတော့ အသက် တစ်နှစ်အောက် ကလေးထက် စာလျှင် စိန်တုံးကြီး အရွယ်က ပိုဆော့၊ ချွေးပိုထွက် သဖြင့် ရေပို ချိုးဖို့တော့ လိုလိမ့်မည်။

ရေချိုးလျှင် Baby Soap ဒါမှမဟုတ် Shampoo ခေါ် ကလေးသုံး ဆပ်ပြာတုံး ၊ ဆပ်ပြာကို လိုက်သုံး လျှင် ရမည်လားဟု မေးတတ် ကြသည်။ ပုံမှန် ကလေးများ အတွက် ကတော့ မိသားစုသုံး လူကြီး ဆပ်ပြာကို လိုက်သုံး လို့ ရပါသည်။ ကလေး ဆပ်ပြာများ၏ အဓိက ကောင်းသည့် အချက် ကတော့ မျက်လုံးထဲ မတော် တဆ ၀င်လျှင် မစပ်တာပါ။

နို့ပွေး၊ နှင်းခူ ထူသည့် ကလေး အတွက်တော့ Hypoallergic ခေါ် အမွှေး နံ့သာ မပါ၊ ဆိုးဆေး မပါ သည့် ဆပ်ပြာ ကို သုံးရပါမည်။ အဲဒါတွေကို Wellness မဂ္ဂဇင်းထဲမှာ `ပွေး မဟုတ်သော နို့ပွေး´ အမည်ဖြင့်လည်း ကျွန်တော် ဆောင်းပါး သက်သက် ရေးခဲ့ ဖူးပါသည်။

အနှီးလောင်တာ

အနှီး သို့မဟုတ် Diapper ခေါ် သေးခံ လောင်တာ တစ်နှစ်အောက် အရွယ် ကတည်းက ကြုံတွေ့ ခဲ့ရသည့် ပြဿနာပါ.။ တချို့ ကလေးတွေ စိန်တုံးကြီး အရွယ် အထိ သည်ပြဿနာ ဆက်တက် နေရ ပါသည်။

နေ့ခင်းမှာ ရှူးရှူးပေါက် မချတတ် တော့တာ အသက် နှစ်နှစ် ၊ ညမှာ ပါ ပေါက်မချ တတ်တော့သည့် အရွယ်က လေးနှစ်ပါ။ နေ့ပဲ ဖြစ်ဖြစ် ၊ ညပဲ ဖြစ်ဖြစ် အီးအီး ပါမချ တတ်တော့ တာက သုံးနှစ်ပါ။

ဒီ အရွယ် မတိုင်မီ က Diapper သေးခံ သုံးသုံး မသုံးသုံး ရှူးရှူး အီးအီး တို့နှင့် ကလေး

အသား ထိထိ နေသည့် ပြဿနာ ကတော့ ရှိနေဦးမှာ ပင်။ တချို့ ကလေးတွေ အတွက် အဲဒါက ဘာမှ မသိသာ ပေမဲ့ တချို့ ကလေးတွေ အတွက် ကတော့ အရေပြား တွေ လောင်တတ် ပါသည်။

ကျွန်တော်တို့ အသုံးများတာ ကတော့ ဇင့် အောက်ဆိုဒ် လိမ်းပေးပါ။ အနှီး သို့မဟုတ် Diapper သေးခံလဲ တိုင်း ကလေး အီးအီး ၊ ရှူးရှူး တို့နှင့် ထိတွေ့ နေကျ နေရာများကို လိမ်ပေးလျှင် သက်သာ ပါသည်။ ဗယ်ဆလင်း အဆီသည် လိမ်းပေးနိုင် သော်လည်း လောလောဆယ်မှာ တော့ ဇင့်အောက်ဆိုဒ် က တော်တော် ရှာရ လွယ်ပါသည်။

တစ်ခါ တစ်လေ မှာ အနှီး လောင်ထားတာ နီနီ ရဲရဲ အသားပြင်လေး က ပေါင်ခြံ အကွေး၊ ရှူးရှူး အီအီး မထိနိုင်သော နေရာ အထိ တစ်ဆက်တည်း လောင်နေသည့် အပြင် အနီပြင်၏ ဘေး ၊ အဆုံးနေရာ များတွင်ပါ သဲမှုန်လေးများ ကြဲပက်လိုက်သလို ဟိုတစ်စက် ဒီတစ်စက် အသားကောင်း နေရာများ အထိ ပျံ့နှံ့ နေပါက Candida ခေါ် မှိုပိုး တစ်မျိုးကြောင့် ဖြစ်နိုင်ပါသည်။ အဲသလို တွေ့လျှင် Clotrimazole ပါသော မှိုပိုး လိမ်းဆေး တစ်မျိုးမျိုး (ဈေးကွက် ထဲ တွင် နာမည် တော်တော် များများ ရှိပါသည်) ကို တစ်နေ့ နှစ်ခါ တစ်ပတ် ခန့် လိမ်းပေး ရပါသည်။




ရွှေပန်းထိပ် က အရေပြားလေး ဖြတ် ဖို့ လို မလို

မွေးကင်းစ ကလေး ဘ၀ ကတည်းက ဘာသာရေး အရ ဖြတ်သူတွေ လူမျိုး ဓလေ့ ထုံးစံ အရ ဖြစ်သူတွေ ရှိပါသည်။ ကျန်းမာရေး ရှုထောင့် က ကြည့်လျှင်လည်း အဲသည် အရေပြားလေး နှင့် အောက်က ဂျိုးထိပ်လေးကြား အိတ်လေးလို ဖြစ်နေသော နေရာလေးမှာ ဖြူဖြူ နှစ်နှစ် ရှူးရှူး ဂျိုး တွေ Smegma လာကပ် နေတတ်ပါသည်။ အဲဒါတွေ ရှိနေလျှင် ရေရှည် နှစ်ပေါင်း များစွာ ကြာသောအခါ သူ့ ကျန်းမာရေးရော၊ သူယူမည့် ဇနီး ကျန်းမာရေး ကိုပါ ထိခိုက် နိုင်ကြောင်း တော်တော် များများ သိကြသည်။

ဒီ နိုင်ငံမှာ တော့ ဒါ ပုံမှန် ဖြတ်နေကျ ကိစ္စတော့ မဟုတ်။ ကျွန်တော်တို့ ကလေး ဆရာဝန်တွေ ကလည်း အဲသည် ကိစ္စ လာတိုင်ပင်လျှင် သဘောပဲ ဟု ပြောလေ့ ရှိသည်။
ဆိုလိုတာက အရေပြား ဖြတ် မဖြတ်က အဓိက မကျ ။ သန့်ရှင်းဖို့က သာ အဓိကပါ။

သန့်ရှင်းချင်တော့ အရေပြားကို နောက်သို့ ဆွဲလှန်ပြီး အတွင်းပိုင်းကို ဆေးကြောရမည်။ ဆွဲကြည့်တော့ အရေပြားလေးက ပွင့်မလာ။ အကြောင်း က နှစ်ခု ရှိနေသည်။ တစ်ခုက အရေပြားထိပ် က အပေါက် လေး ကျဉ်းလွန်းနေသည်။ အဲဒါကို Phymosis ဟုခေါ်သည့် အပေါက် လေး ကျဉ်းလွန်း နေသဖြင့် ရှူးရှူးပေါက် ရာတွင်ပင် အခက် အခဲ ဖြစ်နေလျှင် မကောင်းပါ။ ဖြတ်သင့်သည်။ တစ်ခါ တစ်ရံ အပေါက်က မကျဉ်းသော်လည်း အရေပြား နှင့် အောက်က ဂျိုးလေးကြား မှာ အရွတ်တွေ ၊ အခင်တွေနှင့် တွဲနေ၍ ဖွင့်ရခက်တတ်သည်။ ဆွဲမဖွင့် လိုက်ပါနှင့် ။ ဖွင့်လိုက်လျှင် အရေပြားလေးက နောက် ပြန်လန် သွားပြီး ဂျိုးထိပ်လေး ၏ အရင်း ကို သားရေကွင်း စွပ်သလို ချည်မိသွားပါက ဂျိုးတံထိပ်လေးကို သွေးမစီးနိုင် ဖြစ်ပြီး အရေးပေါ် ခွဲစိတ်ရတတ်ပါသည်။ Paraphymosis ဟုခေါ် သည်။ အဲဒါက Phymosis ထက် ပို၍ အရေးကြီးသည်။

များသော အားဖြင့်တော့ အဲသည့် အရွတ်တွေ၊ အခင်တွေက ကလေး အသက် ငါးနှစ်လောက်မှာ အားပျော့သွားပြီး အရေပြားလေးက ဖွင့်၍ ရသွားတတ်ပါသည်။ အဲသည်အခါကျမှ တစ်ပတ်ကို နှစ်ခါ သုံးခါ လောက်ဆေးပေးပါ။ ဆေးပြီးလျှင် အရေပြားကို ပြန်ဆွဲချ ဖုံးပေးခဲ့ပါ။ နောက်မှာ လှန်မထားခဲ့ပါနဲ့။ လူပျိုဘော် ၀င်နေ လျှင်တော့ ကလေးက သူ့ဟာ သူ နေ့စဉ် ဆေးရ ပါမည်။ အဲဒါ ကို သင်ပေးပါ။

ငါးနှစ်အောက်မှာ အရေပြားက သူ့ဟာသူ ပွင့်မလာခင် မှာတော့ အတင်းဆွဲ မဖွင့် လိုက်ပါနဲ့။ စောစောက ပြောသည့် Paraphymosis ဖြစ်တတ် ပါသည်။ အဲသည် အရွယ်မှာတော့ ရှူးရှူးဂျိုး (Smegma) ဟာ သူ့ဟာသူ ထွက်လာ တတ်ပါတယ်။ အဲသည့် အခါ အရေပြား ထိပ်မှာ ဖြူဖြူ အနှစ်လေးတွေ တွေ့ရ၍ မိဘတွေ စိတ်ပူ တတ်ကြ ပြန်သည်။ အဲဒါ ကတော့ ပုံမှန် ပါပဲ။

အဲလို အရေပြားလေး တွေ နီုမြန်း၍ ရောင်နေလျှင် Paraphymosis မှာ ရေနွေး(ကြက်သီးနွေးလောက်) လေး ထဲမှာ ကလေးကို စိမ်ထိုင်စေပြီး ရှေ့သို့ ပြန်ဆွဲ ကြည့်နိုင် ပါသည်။ မရလျှင် ဆရာဝန်ဆီ ပြပါ။

တော်တော် အမေး များသည့် မေးခွန်း တွေပါ။

ဒီ ကိစ္စကို အရင် ဆောင်းပါးတွေ မှာလည်း ကျွန်တော် မရေးခဲ့ စဖူး။ တိုက်ဆိုင် ၍ အရင် စိန်တုံးကြီးများ အကြောင်းထဲမှာ လာရေးပြ တာပါ။ သည့်ပြင် အရွယ်တွေ အတွက်လည်း အသုံးတည့် နိုင်ပါသည်။

စိန်တုံးကြီးများ အကြောင်းလည်း ပြည့်စုံ သလောက် တော့ ရှိလာပြီ။ ဘွဲ့ကြို ကျောင်းသား ဘ၀ ကတည်းက `သွား´ အကြောင်း မသင်ခဲ့ ရသော ဒေါက်တာရဲ စိန်တုံးကြီးများ ၏ သွားပြဿနာ အကြောင်း ဆက်ရေးသင့် မရေးသင့် အလုပ် နည်းနည်းပါးတော့ နဖူးပေါ် လက်တင် စဉ်းစားလိုက် ပါဦး မည်။

စိန်တုံးကြီး တို့ ကျန်းမာ သက်ရှည် ရောဂါ ကင်းကြ ပါစေ။
ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ(ကလေး အထူးကု ဆရာဝန်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.