h1

ရင်ကျပ် ပန်းနာ

July 28, 2009
ရင်ကျပ်ပန်းနာ ဆိုလိုက်တာနှင့် 	  ဒီတစ်ခေါက် မကွေး ပြန်ရောက်တော့ ပါမောက္ခ၊ ဌာနမှူး အဆင့်မို့ အလုပ်ပိုများလာသည်။ မိသားစုရှိရာ ရန်ကုန်သို့ ခဏခဏ မပြန်ဖြစ်။ ရန်ကုန်က ဆေးခန်းကိုလည်း သူငယ်ချင်းနှင့် ထားခဲ့ရသည်။ အဲဒီ သူငယ်ချင်းက ဘွဲ့အားလုံးနီးနီး ကျွန်တော်နဲ့အတူတူ ရခဲ့ပြီး အသက်တောင် ၁၃ရက်တည်း ငယ်သည့် တန်းတူအဆင့် ဆရာဝန်ကြီးပါ။ စိတ်ရှည်တဲ့ နေရာမှာ ကိုယ့်ထက် သာသေးသည်။ 

ဟိုတစ်လောက ရန်ကုန် ခဏပြန်ရင်း ဆေးခန်းတစ်ရက် ပြန်ထိုင်တော့ လူနာရှင် မိဘတစ်ဦးက သူ့ကလေး ပန်းနာရင်ကျပ် ချောင်းဆိုးတာ သူငယ်ချင်း ဆေးပေးတာ မပျောက်ဟု ဆိုကာ ကျွန်တော့်ကို ပြန်လာပြသည်။ သူငယ်ချင်း တိုက်ထားသည့် ဆေးကို ကြည့်လိုက်တော့ ကျွန်တော်လည်း တိုက်ချင်သည့် ဆေးပါပဲ။ ဘယ်နှရက် တိုက်ပြီးပြီလဲဟု မေးကြည့်တော့ အံ့သြစရာ။ လုံးဝ မတိုက်ရသေးပါတဲ့။ ဘာဖြစ်လို့ မတိုက်တာလဲဟု မေးတော့ ဆရာ့ သူငယ်ချင်းက ကျွန်မကလေးကို ပန်းနာရှိတယ်လို့ ပြောတယ်။ ပြီးတော့ ဆေးအပြင်းတွေ တိုက်တာကိုးဟု ဖြေသည်။ ကျွန်တော်လည်း ရင်ကျပ် ရှိတယ်လို့ ပြောဖူးတာပဲ။ အဲဒီဆေး တိုက်ဖူးတာပဲဟု စာအုပ်ကို နောက်ပြန် လှန်ရှာပြီး ပြောတော့မှ အံ့သြရသည်။

အင်္ဂလိပ်စကားက Asthma ပန်းနာဟု ဘာသာပြန်ပြန် ရင်ကျပ်ဟု ဘာသာပြန်ပြန်၊ လေပြွန်လေးတွေ ကျဉ်းကျဉ်းသွား၍ ချောင်းဆိုးပြီး မောနေတတ်သည်ဟု အဓိပ္ပာယ်ရသည်။

အဲသည် နာမည်ကလေး တပ်ရုံနှင့်တော့ ပြူးပြူးပြာပြာ မဖြစ်သင့်ကြဟု ကျွန်တော်ထင်သည်။ ဆေးပြင်းသည် ဆိုသည့်စကား ဘာမှ အဓိပ္ပာယ် မရှိကြောင်း ကျွန်တော် ခဏခဏ ရေးဖူးပါသည်။ ဆေးမတိုက်ဘဲ ထားတော့ ရောဂါကရော အန္တရာယ် မရှိတာ ကျနေတာပဲ။

ကျွန်တော်က ဖြည့်ပြောပြတတ်တာလေး တစ်ခုပါပဲ။

ဒီရောဂါ ဖြစ်သည့်အချိန်မှာ ဆေးပေးလည်း ခဏသာ ယခုတစ်ခေါက်သာ သက်သာမည်။ ပြန်ဖြစ်တတ်သည်။ ဘယ်လောက်တစ်ခါ ပြန်ဖြစ်သည် ဆိုတာက တစ်ယောက်နှင့် တစ်ယောက် မတူ။ တစ်နှစ်မှာ တစ်ခါလောက် ဖြစ်တတ်သည့် ကလေးကတော့ ဖြစ်လာလျှင် ဆေးသောက် လုံလောက်သည်။ တစ်လတစ်ခါ ဖြစ်နေလျှင်တော့ ကာကွယ်ဆေးတွေ မှန်မှန်ရှူဖို့ လိုမည်။ လူကြီး ရင်ကျပ်ရောဂါနှင့် မတူတာကတော့ ကလေး ရင်ကျပ်ပန်းနာ ဝေဒနာရှင် ထက်ဝက်ခန့်က လူကြီးဘ၀အထိ ပါမသွား။ ကြီးလျှင် ပျောက်သွားမည်ဟု အဲသလို ပြောပြလျှင် လက်ခံကြတာ များသည်။

ကဲ… ဘာပဲဖြစ်ဖြစ်။

ရေးဖူးတာ များနေပြီးသား သည်ပန်းနာရင်ကျပ်ရောဂါ ကလေးအကြောင်း မပြောရသေးတာ တချို့တော့ ဖြည့်စွက်ရတော့မည် ထင်မိ၏။

ကလေးတွေဘာကြောင့် ရင်ခဏခဏကျပ်

အာဂန္တု ရောဂါတွေလည်း ရှိသည်။ တစ်ခါကျပ်ပြီး နောက်ပြန်မကျပ်တော့တာမျိုး။ များသောအားဖြင့် အသက် နှစ်နှစ်အောက် စိန်တုံးကြီးများ အရွယ်မှာ တွေ့ရတတ်တယ်။

ခဏခဏ ပြန်ကျပ်နေရင်တော့ ပန်းနာရင်ကျပ်ကို စဉ်းစားရမည်။ ဒါမျိုး မျိုးရိုးလည်း လိုက်တော့လိုက်သည်။ ကူးစက်ရောဂါတော့ မဟုတ်။

ရင်ကျပ်သည့် ကလေးကို ကျပ်စေသည့် အရာတွေကတော့

(၁) ဗိုင်းရပ်ပိုးဝင်ခြင်း

(၂) ဓာတ်မတည့်ခြင်း

(၃) ရာသီဥတု

(၄) လေ့ကျင့်ခန်းနှင့်

(၅) စိတ်လှုပ်ရှားခြင်း တို့ကြောင့်ဖြစ်သည်။

ကျပ်လာလျှင် ကလေးက ချောင်းဆိုးမည်။ မောမည်။ ရင်ဘတ်အောက်နှင့် နံရိုးကြားတို့ ချိုင့်ဝင်ပြီး အသက်ရှူရမည်။ တစ်ခါတစ်လေ တရွှီရွှီ အသံကို ကြားရမည်။ မောတာ သိပ်ဆိုးလာလျှင် စကားတစ်ကြောင်းပြည့်အောင် မနားဘဲ မပြောနိုင်တော့။ အဲသည်အဆင့်က အရေးကြီးသည်။

ရင်ကျပ်ပန်းနာမှန်း ဘယ်လိုသိ

တစ်ခါကျပ်တိုင်းတော့ ရင်ကျပ်ပန်းနာဟု မသတ်မှတ်။ ပေးသည့် ဆေးကတော့ အဲသည် ရင်ကျပ်ပန်းနာ ပျောက်ဆေးတွေ ပါပဲ။ အဲဒါတွေနှင့် သက်သာ၊ မသက်သာ စောင့်ကြည့်ရမည်။

နှစ်ခါကျပ်လျှင် နည်းနည်း သတိထားတော့။ ဆေးကတော့ သည်ဆေးတွေပါပဲ။

သုံးခါကျပ်လျှင်၊ ပြီးတော့ တစ်ခြား အကြောင်းရင်း ရှာမရလျှင်တော့ ဆရာဝန်က ရင်ကျပ်ပန်းနာဟု သတ်မှတ်တော့မည်။ ဘာမှမလိုပါ။ နားကြပ် တစ်ချောင်းနှင့် သတ်မှတ်နိုင်ပါသည်။

ဆရာဝန်ကိုလည်း စိတ်မဆိုးပါနှင့်။ ကု၍ မပျောက်သော ရောဂါကြီးဟု ပြောတာမဟုတ်ပါ။ ကြီးလာလျှင် ပျောက်မှာပါ။ သို့သော် ကြီးလာလျှင် ပျောက်မပျောက်က ငယ်စဉ်မှာ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ စောစောစီးစီး လုပ်လာခဲ့ပါသလား၊ မလုပ်ခဲ့ဖူးလား အပေါ်မှာ တည်မှီ နေပါသည်။ ဒါကြောင့် စောစော စကုချင်လို့ သတ်မှတ်တာပါ။

တန်ဆေးလွန်ဘေးတဲ့။

ကုသမှုကလည်း ဘေးထွက် ဆိုးကျိုးတော့ ရှိတာအမှန်ပင်။ သို့သော် ရောဂါကလည်း လွှတ်ထားလို့မရ။ သည်တော့ လူနာကို မှန်မှန် ပြန်ခေါ်ကြည့်၍ ဆေးကိုလိုတိုး ပိုလျှော့ ချိန်ဆရသည်။ အဲဒါကို step-up နဲ့ step-down လုပ်သည်ဟု ခေါ်သည်။

ဘယ်လို ကုသမှာလဲ

ဆေးက နှစ်မျိုး၊ နှစ်အုပ်စု ရှိသည်။

ဖြစ်လာလျှင် ရင်ကျပ်လျှင် ပေးထားသော ဆေးအမျိုးအစားနှင့် မကျပ်အောင် ကြိုတင်၍ ပေးထားသော ကာကွယ်ဆေး အမျိုးအစားတို့ဖြစ်သည်။ ကျပ်လာလျှင်ပေးသော ဆေးများကို သောက်ဆေးလည်း တိုက်၍ ရသည်။ ရှူဆေးလည်း ရှိသည်။ ရှူဆေးက ပိုကောင်းသည်။ ရှူဆေးက ပိုကောင်း၍ ပိုဘေးကင်းသည်။ သို့သော် ဈေးပိုကြီးသည်။ ကလေးအငယ်များတွင် မရှူတတ်မှာ စိုး၍ အလယ်က ပလတ်စတစ် ပြောင်းတစ်ခု ခံရသေးသည်။ အဲသည်ပြောင်းက ပို၍ ဈေးကြီးသေးသည်။ ပြီးတော့ စနစ်တကျ ရှူတတ်အောင် လေ့ကျင့်ပေးရသည်။ သိပ်ကျပ်သည့် အချိန်မှာတော့ Nebulizer ခေါ် ရေနွေးငွေ့ စက်ငယ်ဖြင့် မှုတ်ပေးရသည်။ ထိရောက်မှုအား ကောင်းသော်လည်း ဆေးပမာဏက ရှူဆေး ရိုးရိုးထက် ၁၀ဆခန့်များသည်။ နည်းနည်း ကျပ်ရုံမျှဖြင့်တော့ မသုံးသင့်။

ကာကွယ်ဆေးတွေကတော့ ရှူဆေးချည်း သက်သက် လိုပါပဲ။ ဟိုတုန်းက Ketasma ခေါ် သောက်ဆေးတစ်မျိုး ပေါ်ဖူးသည်။ အန္တရာယ် သိပ်မရှိသဖြင့် ကျွန်တော်တို့ ယခုထက်ထိ သုံးနေကြတုန်းပါပဲ။ Montelukast ကတော့ ယခုမှပေါ်လာသည်။ နိုင်ငံခြားမှာတော့ လက်ခံကြပြီ။ သည်မှာတော့ ယခုမှ စမ်းသပ်ဆဲ ဖြစ်သည်။

ခဏခဏမကျပ်အောင်

ဆေးနှင့် ကာကွယ်ရတာ များမှာစိုးလျှင် ကျပ်စေသည့် အကြောင်းတရားများကို ရှောင်ရမည်။ ဒါကလည်း အမြဲတော့ မဖြစ်နိုင်ပါ။ နိုင်သလောက်တော့ လုပ်သင့်သည်။

(က) ဓာတ်မတည့်ခြင်း နည်းစေဖို့ ဖုန်မှုန့်၊ ၀တ်မှုန်၊ ပန်းမှုန် လေထဲမှာ များသည့် အချိန်မျိုးတွင် ပြတင်းတံခါးများ ပိတ်ထးပါ။ ကြောင်တွေ၊ ခွေးတွေ ကလေး အနားမှာ မထားပါနှင့်။ အိမ်ထဲမှာ မြင်ရသော၊ မမြင်နိုင်သော ပိုးမွှား၊ မှိုအစရှိသည့်တို့ အားလုံး ကင်းစင်အောင် ရှင်းလင်းထားပါ။

(ခ) ဗိုင်းရပ်ပိုးမ၀င်စေဖို့ ကလေး၊ လူကြီးအားလုံး လက်မှန်မှန်ဆေးပါ။ တုပ်ကွေးအဖြစ် များနေချိန်တွင် လူထူထူရှိရာ ခေါ်မသွားပါနှင့်။

(ဂ) လေ့ကျင့်ခန်း လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိပါက ကျပ်တတ်သော ကလေးမျိုး ရှိပါသည်။ ထိုကလေးများအတွက် လေ့ကျင့်ခန်း လုပ်ခါနီး ကြိုပေးရသော ဆေးတချို့လည်း ရှိပါသည်။ ရှာ၍ ဆောင်ထားပါ။

(ဃ) အိမ်တွင်းက အငွေ့တချို့ စီးကရက် မီးခိုးက ပိုဆိုးပါသည်။ လူကြီးက ကလေးအနားမှာ မသောက်တောင် သောက်တတ်သည့် လူကြီးကိုယ်မှာ စွဲနေသည့် အငွေ့ကြောင့် ကလေးက မကြာခဏ ရင်ကျပ်တတ်ရုံသာမက နားပြည်ပါ ယိုတတ်သည်။ ကလေး ရှိလျှင်တော့ ထိုကလေး ရင်ကျပ်ပန်းနာ ရှိရှိမရှိရှိ ဆေးလိပ် ဖြတ်ပစ်သင့်ပါသည်။ ဆက်သောက်နေသော မိဘကို ဘာအမည် တပ်၍ ဆူပူ ကြိမ်းမောင်းရမှန်း ကျွန်တော် စဉ်းစား၍ပင် မရပါ။ ရေမွှေး၊ ပေါင်ဒါနှင့် ငါးကြော်သည့် အနံ့များကြောင့်လည်း ဖြစ်တတ်ပါသေးသည်။

(င) အကောင်ပလောင်တွေ ပိုးဟပ်ကို ရင်ကျပ်ရောဂါ၏ နံပါတ်တစ် တရားခံဟု တွေ့ထားကြသည့် သုတေသနတွေလည်း ရှိသည်။ ပိုးဟပ်ကကျသည့် သွားရည်နှင့် မစင်ကို မတည့်သူတွေ တော်တော်များသည်။ House dust mite ဟုခေါ်သော သာမန်မျက်စိနှင့် မမြင်ရသည့် အင်းဆက် တစ်မျိုးကလည်း တော်တော်ဆိုးသည်။ သူက လူ့အရေပြားက ထွက်ကျသည့် အစအနလေးများကို စား၍ နေတတ်သည့် အကောင်တစ်မျိုးပါ။ အိပ်ရာခင်း၊ ခန်းဆီး၊ ကော်ဇော၊ မွေးပွရုပ် အစရှိသည်တို့မှာ နေတတ်ပါသည်။

(စ) မှို စွတ်စို ထိုင်းမှိုင်းသည့် အိမ်တွင်း၊ အိမ်ပြင် နေရာများတွင် ရှိနေတတ်သော မှိုများသည်လည်း ရင်ကျပ်စေပါသည်။

(ဆ) တိရစ္ဆာန် ခွေးတွေ ကြောင်တွေကြောင့် ရင်ကျပ်တတ်သော ကလေးတွေလည်း ရှိပါသည်။

ကောင်းတာကတော့ အောက်က အချက်လေးတွေကို လိုက်နာပါ။

၁။ ထမင်းစားခန်းနဲ့ မီးဖိုချောင်မှာပဲ အစားအစာ စားကြပါ။

၂။ ရေခဲသေတ္တာထဲ ထည့်ရန် မလိုသော အစားစာများကို လုံခြုံ တင်းကြပ်စွာ ဖုံးအုပ်ထားပါ။

၃။ အမှိုက်နေ့စဉ်စွန့်ပစ်ပါ။

၎။ စားပွဲ၊ ဗီရို၊ ကောင်တာများ မှန်မှန်သန့်စင်ပါ။

၅။ နံရံ အက်ကြောင်း ကွဲကြောင်းများ မှန်မှန်ပြုပြင်ပါ။

၆။ သစ်သား ကြမ်းပြင်များကို အ၀တ်စိုဖြင့် မှန်မှန်သုတ်ပါ။ (ပိုးသတ်ဆေးအချို့ တည့်နိုင်ပါသည်။)

၇။ ဖုန်မှုန့်များ အ၀တ်စိုဖြင့် မှန်မှန်သုတ်ပါ။

၈။ ကော်ဇောကို ဖုန်စုပ်စက်ဖြင့် မှန်မှန်စုပ်ပေးပါ။ မလုပ်နိုင်လျှင် ကော်ဇော မထားပါနှင့်။

၉။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်များ မှန်မှန်ပြုတ်လျှော်ပါ။

၁၀။ အမှုန် ခိုအောင်းနိုင်သော ပစ္စည်းများ ရှင်းပစ်ပါ။ (မွေးပွအရုပ်၊ ဆုတံဆိပ်… စသည်) ရေဆေး၍ ရသော အရုပ်များသာ ၀ယ်ပေး၍ မှန်မှန် ဆေးကြောပါ။

၁၁။ အိမ်ကို တတ်နိုင်သလောက် ခြောက်သွေ့စေပါ။(နေရောင် ၀င်ပါစေ)

၁၂။ ဆေးလိပ် မသောက်ပါနှင့်။ (မိဘ ဆေးလိပ်သောက်လျှင် ရင်ကျပ် မဖြစ်သေးသော ကလေးပင်လျှင် ရင်ကျပ်ပန်းနာ ဖြစ်ရန် အခွင့်အလမ်း နှစ်ဆ ရှိပါသည်)

၁၃။ တိရစ္ဆာန်များနှင့် ကလေး တစ်နေရာတည်း မနေရပါ။ တစ်လှည့်စီလည်း မနေရပါ။ ကလေးနေနေကျ နေရာကို တိရစ္ဆာန်မလာစေရပါ။

၁၄။ နိုင်ငံခြားမှာတော့ အမှုန်အမွှား မကပ်နိုင်အောင် ဖုံးအုပ် ကာကွယ်သော အစွပ်များ၊ ရင်ကျပ်ပန်းနာ ရောဂါသည် ကလေးရှိသော အိမ်များအတွက် သီးခြား ဒီဇိုင်းလုပ် ထုတ်လုပ်သည်ဟု ကြားဖူးသည်။ ဒီမှာတော့ မတွေ့သေးပါ။ စိန်တုံးကြီးတို့ ရင်ကျပ်ပန်းနာဘေး ကင်းဝေးကြပါစေ။

ဒေါက်တာရဲ(ကလေးအထူးကုဆရာဝန်)

source : Perfect Magazine

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.