h1

စိန်တုံးကြီးအကြောင်း ဇာတ်သိမ်း

October 30, 2009

စိန်တုံးကြီးများအကြောင်း (ဇာတ်သိမ်းပိုင်း) 

စိန်တုံးကြီးများ အကြောင်း ပေါင်းချုပ် မထွက်သေးဘူး လားဟု မေးသူတွေ ခဏခဏ ကြုံရသည်။ အယူအဆ အမှား များလောက် ရေးစရာပေါသော ခေါင်းစဉ်ကိုပင် ကိုးလတည်း ရေးခဲ့သော ဒေါက်တာရဲသည် တစ်ခါမှ အကြာကြီး ရေးနေ၍ အံ့ဩ ကြဟန် တူသည်။ စရေးတုန်းက ပါမောက္ခရဲ ဖြစ်သည် အထိ ရေးမှာဟု နောက်တီးနောက်တောက်ရေးခဲ့ရာ ယခုတော့ ပါမောက္ခလည်း တကယ်ဖြစ်သွားခဲ့ပြီ၊ စိန်တုံးကြီး ဆိုသည့် စကားလုံး၏ ပိုင်ရှင် အစစ် အစ်ကို ဆရာ ပါမောက္ခ ဦးဖေသက်ခင် လည်း ကလေး အထူးကု ဆရာဝန် ဘဝကို ကျောခိုင်း၍ အငြိမ်းစား ယူသွားသည့် အဖေဆရာ နေရာမှာ ပါမောက္ခချုပ်ကြီး ဖြစ်နေပြီ။
ကိုယ့်ကလေးကို ကိုယ် လက်လက်ထ နေသည်ဟု မခေါ်ရက် သဖြင့် စိန်တုံးကြီးဟု ခေါ်သင့်ကြောင့် သူ စ နာမည် ပေးခဲ့သည့် သူ့သား စိန်တုံးကြီးပင် လူပျိုကြီး ဖားဖား ဆေးကျောင်းသား ဖြစ်နေပြီ။ရေးမည်ဆိုလျှင် ရေးစရာတွေ ကျန်ကောင်း ကျန်မည် ဖြစ်ပေမဲ့ လုံးချင်း ကျမှ စောင့်ဖတ်တော့ မည် ဟု မျှော်နေသူများ ကို အားနာစွာ နိဂုံးချုပ် ပေးရတော့ မည်ဖြစ်လေရာ ကလေး အထူးကု ဆရာဝန် တစ်ဦးအနေ နှင့် အရွယ် ပေါင်းစုံ ကြည့်ရှု တာဝန် ယူရသည့် အထဲမှာ မှ ဘာကြောင့် သည်တစ်နှစ်သား မှ ကျောင်းမနေခင် အရွယ် အထိကို စိတ်ဝင်တစား အကြာကြီး ရေးခဲ့ရ သလဲ ဆိုတာလေး ပြန်ရှင်းပြ ခွင့်ပြုပါ။
၁။ သိသာထင်ရှားသော
ပြောင်းလဲ တိုးတက်မှု များသော အရွယ်ပါ

လမ်းစ လျှောက်လာမည်၊ စကားစ ပြောတတ် လာမည်၊ ကိုယ့်လက် နှင့် ကိုယ့်ခွက်ကို မော့သောက်တတ် လာရာ ကနေ အစား အသောက်ကို လူကြီးလို ဇွန်းနှင့် ပန်းကန် နှင့် စားတတ်သည့် အဆင့် အထိ တိုးတက် လာမည်။
တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များသော အရွယ် ဖြစ်သဖြင့် ဖြစ်သင့် သည့် အတိုင်း မဖြစ်ခဲ့ လျှင်လည်း သတိထား စရာ၊ ဆရာဝန် နှင့် ဆွေးနွေး စရာတွေ များပါသည်။ ဒါတွေကို သည် ဆောင်းပါးရှည်ကြီး ရယ်၊ ရတနာသိုက် စာပေတိုက် မှပင် ထုတ်ဝေခဲ့ဖူးသော ကျွန်တော် ၏ ရင်သွေး ရတနာ ကလေးများ အတွက် စာအုပ်ရယ် နှစ်ခုပေါင်း လိုက်လျှင် ခြုံငုံ မိပြီဟု ယူဆပါသည်။
၂။ စူးစမ်း လေ့လာ တတ်သော အရွယ်ပါ
ခွက်လေးမှောက်နေတာတွေ့လျှင်တောင် လှန်ပြီး အထဲမှာ ဘာရှိ သလဲ ရှာပါလိမ့်မည်။ ပိုးကောင်အသေလေးတွေ့လျှင်တောင် အနည်း ဆုံး လက်နှင့်တို့ကြည့်ပါလိမ့်မည်။ ကံမကောင်းလျှင် ပါးစပ်ထဲထည့် ကြည့်တတ်ပါသေးသည်။ ထို့ကြောင့် သည်အရွယ်၏ ပတ်ဝန်းကျင်ကို သူတို့အတွက် ဘေးကင်း လုံခြုံအောင် အစစ သတိထား ပြင်ဆင် ထားမှ တော်ရုံ ကျပါမည်။ဒါကို သည်ဆောင်းပါးထဲ တွင်ပင် ကျွန်တော် ပြည့်ပြည့် စုံစုံ ဖော်ပြ ဖြစ်ခဲ့ ပြီဟု ထင်ပါသည်။
၃။ ကူးစက် ရောဂါ သတိထား ရမည့်အရွယ်ပါ
မိခင် ရင်ခွင်ထဲမှာ ဆင်းကာ ပတ်ဝန်းကျင်နှင့် စတင် ထိတွေ့ တော့မည့် အရွယ်ပါ။ ကျောင်းနေ အရွယ် ကလေးငယ် လောက် ပတ်ဝန်းကျင် နှင့် အထိအတွေ့မများသေးသော်လည်း ကျောင်းနေ အရွယ် ကလေးငယ် လောက် လည်း ကိုယ်ခံ အား မကြွယ်သေးပါ။
ခဏခဏ ဖျားတတ်၊ ချောင်းဆိုးတတ်၊ ဝမ်းပျက် တတ်ပါသည်။ တချို့သော ရောဂါတွေက ကာကွယ် ဆေးထိုး၍ ကာကွယ် နိုင်ပါသည်။ သည်အရွယ် မှာ ထိုးရမည့် ကာကွယ်ဆေးတွေ အကြောင်းလည်း ကျွန်တော် ပြည့်ပြည့်စုံစုံ ဖော်ပြ ဖြစ်ခဲ့သည်ဟု ထင်ပါသည်။ တချို့ ရောဂါတွေက ကာကွယ်ဆေးမရှိ။ ဆောင်ရန်၊ ရှောင်ရန်တွေ သာရှိသည်။ အဲသည့် ရောဂါတွေ အတွက်တော့ သည်ဆောင်းပါး ရှည်ကြီး ရော၊ စွယ်စုံမီဒီယာ အုပ်စုမှ ထုတ်ဝေခဲ့သည့် ကလေး ရှေးဦး သူနာပြုစု နည်းစာအုပ် ရော တွဲဖတ်ဖို့ လိုမည် ထင်သည်။
၎။ သင်ကြား လေ့လာမှုများ စတင်သည့် အရွယ်ပါ
သည်အရွယ်မှာ ခေတ်အစားဆုံး မေးခွင်းကတော့ ဘယ်တော့ မူကြို စထား ရမလဲ ဆိုတာ ဖြစ်သည်။ သည်ဆောင်းပါးရှည်ကြီး ထဲတွင် မူကြို ဘယ်တော့ စထား သင့်သည် ဆိုသည့် ကိစ္စ သာမက မူကြို မထားခင် ကတည်းက ကလေး၏ လေ့လာ သင်ယူမှု အားကောင်းအောင် ဘာတွေ လုပ်ပေးရမည် ဆိုတာ ကျွန်တော် ပြည့်ပြည့် စုံစုံ ဖော်ပြ ဖြစ်ခဲ့ ပါသည်။
၅။ အားလုံး ဝိုင်း၍ တုံတက် နေကြသော အရွယ်ပါ
ချစ်စရာ အကောင်းဆုံး၊ တတောက်တောက်၊ ယိုင်ထိုး ယိုင်ထိုး လျှောက်ပြေး နေပြီး တွတ်တီး တွတ်တာ ပြောတတ်သည့် အရွယ်မို့ အဖေရော၊ အမေရော၊ အဘိုး အဘွား၊ ဦးလေး၊ အဒေါ်၊ အစ်ကို အစ်မ အားလုံး ဝိုင်းချစ် နေကြသည့် အရွယ်ပါ။ သည်တော့ တစ်ယောက် တစ်ပေါက် မေးလာသည့် မေးခွန်းများလည်း ရှိသလို တစ်ယောက် တစ်ပေါက် ပေးကြသည့် အကြံများလည်း ရှိပါ သည်။
ဒါတွေ မှန် မမှန် ဆင်ခြင်ဖို့ နှင့် အဖြေရှာဖို့ အတွက်တော့ သည် ဆောင်းပါး ရော၊ နန်းဒေဝီစာပေက ထုတ်ဝေ ခဲ့သည့် ကလေး ကျန်းမာ ရေးဆိုင်ရာ အယူ အဆမှားများ စာအုပ်ရော တွဲဖတ်ဖို့ ညွှန်းပါ ရစေ။
၆။ စာရေးသူ ၏ ဘဝ အပြောင်းအလဲ အများဆုံး အချိန်ပိုင်းပါ
သည်ဆောင်းပါးရှည်ကြီး ရေးနေရင်း မြို့နှစ်မြို့ ခေါက်တုံ့ ခေါက်ပြန်ပြောင်း ခဲ့ရသည်။ ရာထူး သုံးဆင့် တက်ခဲ့သည်။ စာအုပ်ပေါင်း များစွာ ထွက်ခဲ့သည်။ စာရေး ဆရာမ ဖြစ်တဖြစ် ဘဝမှ အမျိုးသား စာပေဆုရ စာရေးဆရာ ဖြစ်ခဲ့သည်။ ကိုယ့်ဘဝ အပြောင်းအလဲ တွေများ နေတုန်း ရေးခဲ့သည့် ဆောင်းပါးမို့ နိဒါန်းတွေ၊ အချီးတွေမှာ ကိုယ့်အကြောင်း ကိုယ် ထည့်ထည့် ရေးတာ တွေ မကြာခဏပါ နေသည်ကို တော်တော် သည်းညည်းခံ ဖတ်ရမည့် ဆောင်းပါးပါ။ သည်အချိန် အထိ သည်းညည်းခံ စိတ်ရှည်ရှည် ဖတ်လာ ခဲ့သည့် ချစ်လှစွာ သော စာဖတ် ပရိသတ် တို့ကို တောင်းပန်ရင်း ကျေးဇူးတင် စကား ဆိုပါ ရစေ။
ကျန်းမာရေး မဂ္ဂဇင်း မဟုတ်ပါ ဘဲနှင့် လဆန်းတာနှင့် ဆောင်းပါး မှန်မှန် လာတောင်း ၍ ဖော်ပြ ပေးတတ်သော Perfect အဖွဲ့သားများကို လည်း ကျေးဇူးတင် ပါသည်။ သည်လူတွေ လုံးချင်း ထုတ်ကြ ဦးမှာပါ။ အားပေး ကြပါဦး။
စိန်တုံးကြီးများ အရောင် တဖျတ်ဖျတ် ခါနိုင် ကြပါစေ…။
ပြီးပါပြီ။
ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)

 

source : Perfect Magazine

h1

ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရှုပေးခြင်း

October 30, 2009
ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြပ်ကြည့်ရှုပေးခြင်း
ဆရာဝန်၊ ကျောင်းဆရာ၊ စာရေးဆရာ။
ဘ၀မှာ ဖြစ်ချင်သည့် ဆန္ဒက သုံးခုတောင် ဆိုတော့ အဲဒါတွေ အောင်မြင်အောင် ဟိုနည်းနည်း သည်နည်းနည်း လိုက်ကြိုးစား နေခဲ့ မိသည်မှာ ဆရာဝန် ဖြစ်ပြီး ၂၃နှစ် ကြာသွား ခဲ့သည်။
၂၀၀၈ ခုနှစ် ကတော့ တော်တော် ထူးခြားသည့် နှစ်ပါပဲ။
အဲသည့် ဆန္ဒတွေ အားလုံး ပြည့်သွားသည်။
တစ်ခု ပြီးမှ တစ်ခု မဟုတ်။ ၀ုန်းခနဲ ပြိုင်တူ လိုလို နီးပါး ပြည့်ဝ သွားတာပါ။
သည်တော့ အဲသည့် ရပ်ဝန်း သုံးခု စလုံးက ကျွန်တော့် အချိန်တွေကို တောင်းဆိုမှုတွေ များလာသည်။ တစ်ခုခု မှာ သို့မဟုတ် သုံးခု စလုံးမှာ အနည်း နှင့် အများ လစ်ဟင်းမှုတွေ ရှိလာ တော့မည်။
ရှေ့ခရီး ဘယ်လို ဆက်လျှောက် ရမည်မှာ မျှော်ကြည့်တိုင်း မှုန်ဝါးဝါး။
ကိုယ်ကလည်း ဘယ်ဘက်က မှ မလျော့ချင်။
ယူချင်တာ ယူသွားတော့ ဟု မိသားစု ဘ၀ ကလေး မိုးနတ်မင်း ဆီ အပ်ထား ခဲ့တာ ကြာပေါ့။
ဖြစ်ချင်ရာ ဖြစ်ဟု သဘောထား ကာ Wellness မဂ္ဂဇင်း တွင် တတိယမြောက် ၀တ္ထုရှည် `နေ၀င် အိပ်တန်းတက်´ ကို စလိုက်သည်။ ဘ၀မှာ နောက်ထပ် ဆရာဝန် ဘ၀ သရုပ်ဖော် ၀တ္ထုရှည် တစ်ပုဒ် ထပ်ရေးနိုင် မရေးနိုင် ဆိုတာ သေမှ မသေချာ တော့တာ။ `ကြိုးကြာ တောင်ပံ ခတ်သံ´က လူငယ် ဆရာဝန်တွေ အတွက်၊ `ဒေါက်တာ ရွှေသွေး နှင့် မပန်းဝတ်မှုံ´ က လူလတ်ပိုင်း ဆရာဝန်တွေ အတွက် ဆိုလျှင် `နေ၀င် အိပ်တန်းတက်´ ကတော့ အနားယူ ခါနီး နောက်ဆုံး ၁၀ စုနှစ်ကို ကိုယ့်ကိုယ် ကိုယ် ရောက်မှန်း မသိ ရောက်နေကြသော ဆရာဝန်ကြီးများ အတွက် ပေါ့။ ဒါပြီးလျှင် ကိုယ်လည်း ၅၀ ပြည့်ခါ နီးပြီ။ `နေ၀င် အိပ်တန်းတက်´ စာရင်းထဲ ပါတော့မည်။
အဲသည် ၀တ္ထုထဲက အဓိက ဇာတ်ကောင် ပညာတတ်၊ ကြေးရတတ် မလေး `မေကြာဖြူ´က ရှင်မဟာ သီလ၀ံသ ၏ `၀သုနြေ္ဒ၊ ဤမြေသော်လည်း၊ စောင့်စည်းမှုသား၊ ကျင့်သောအားဖြင့်၊ စကားသစ္စာ၊ မှန်သောခါကား၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက် သစ်ပင်၊ ဆေးဖက်ဝင်၏´ ဆိုသည့် စကားကို နှစ်ခြိုက်လွန်း သဖြင့် `ပေါ်ဆီတက်´ အမည်ဖြင့် ဂျာနယ် တစ်စောင် ထုတ်ဝေကာ ကဗျာကို ဂျာနယ် မျက်နှာဖုံးမှာ ဖော်ပြသည်ဟု ကျွန်တော် ရေးထားသည်။ တိုက်တိုက်ဆိုင်ဆိုင် Family အုပ်စုကလည်း `နွယ်မြက်သစ်ပင်´ ‘the Living Vine’ အမည်ဖြင့် အင်္ဂလိပ်ဘာသာ အဓိက မဂ္ဂဇင်းတစ်စောင် ထုတ်ဝေကာ အဲသည် ကဗျာကို အဖုံးမှာ သုံးထားသည်။ သူတို့က အကြံ ရတာ နည်းနည်း စောဟန် တူသည်။
ကိစ္စတော့ မရှိပါ။ ၀တ္ထုထဲ က ဇာတ်ကောင် နှင့် အကြံတူ တာပဲ။
အဲသည်လို မလုပ်နိုင်တော့မည့်၊ တိုးလိုး တန်းလန်း ဖြစ်သွားတော့မည့် ဟာတွေကို လိုက်စိတ်ပူနေခိုက်မှာ လက်ထဲမှာ တန်းလန်းကြီး ဖြစ်နေ တာက `စိန်တုံးကြီးများ အကြောင်း´ ပါပဲ။
နိဂုံးချုပ်တော့မှ ထင်သည်။
အသက် တစ်နှစ် မှ သုံးလေးနှစ် အရွယ် လက်လက်ထ နေသော စိန်တုံးကြီးများ အကြောင်းချည်း ရေးလာတာ ၁နှစ်ကျော် နေပြီ။
`မသက်´ တစ်ယောက် Perfect ကနေ Myanmar Art Centre ပန်းချီပြခန်း ဆီ စိတ်ရောက် နေတုန်း ခိုး ဇာတ်သိမ်းမှ။
မရေးရ သေးဘဲ ကျန်နေတာ ကတော့ အဲသည့် အရွယ်၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်များ နှင့် စောင့်ကြည့် ရမည့် စိတ်ပူစရာ ကလေးများ ပါပဲ။ ဒါကလည်း Perfect အုပ်စု ရတနာသိုက် စာပေ နှင့် ကျွန်တော် ပွဲဦးထွက် လက်တွဲ ထုတ်ဝေ ခဲ့သည့် `ရင်သွေး ရတနာ ကလေးများ အတွက်´ မှာ အရွယ်တိုင်း အတွက် ဖော်ပြပြီး ဖြစ်နေလို့ပါပဲ။
နှစ်ထပ် ရှိချင် ကြသည် ဆိုလျှင်တော့ ဒီလ ပြန်ရှင်း ပါမည်။ သည်နေရာမှာ သဘောပေါက် စေချင်တာ တစ်ခုက ကျွန်တော်တို့ ကလေးဆရာဝန်တွေက သည်အရွယ်မှာ ဒါလုပ်တတ်ရမည်ဟု ပြောထားလျှင် မလုပ်နိုင်တိုင်း စိတ်ပူစရာမလိုပါ။ တစ်ယောက် နှင့် တစ်ယောက် ချွတ်စွတ် မတူနိုင်ပါ။ ဥပမာ လမ်းလျှောက်တာလေး တစ်ခုကို ကြည့်မည် ဆိုလျှင်တောင် ဆယ်လ ကတည်းက လမ်းလျှောက်တတ်သည့် ကလေး ရှိသလို ၊ ရောဂါကြောင့် ချို့ယွင်းချက်ကြောင့် မဟုတ်ပါဘဲ နှင့် ၁ နှစ်ခွဲ ကျော်မှ လမ်းစ လျှောက်သည့် ကလေးလည်း ရှိပါသည်။ ဘယ်ကလေး က ပို၍ ကျန်းမာသည်၊ ဘယ်ကလေး က ပို၍ ဥာဏ်ကောင်း လိမ့်မည် ဟုပင် သတ်မှတ် ၍ မရပါ။

 

ဖွံ့ဖြိုးမှု ဖြစ်စဉ်သည် တစ်ယောက် နှင့် တစ်ယောက် အကြမ်းဖျင်း ခြောက်လ လောက်တော့ အများဆုံး ကွာတတ် ပါသည်။

Read the rest of this entry »

h1

ကလေး နို့တိုက်နည်း

July 31, 2009

မွေးပြီးခါစ ခလေးတွေ နို့ စို့ ပြီး ပါးစပ်နဲ့  နှာခေါင်းက နို့ တွေ ပြန်လျှံထွက်ပြီး ရုတ်တရက် အသက်ရှုရပ်ပြီးမျက်နှာနီရဲ လာရင် အရေးပေါ် ဘယ်လို လုပ်ပေးရ မလဲဆိုတာသိပါရစေရှင် အရေးတကြီး တောင်းဆိုပါတယ်ရှင်။

အဖြေ။


ကလေးတွေ မိခင်နို့ဖြစ်ဖြစ်၊ နို့ဗူးဖြစ်ဖြစ်စို့တာ။ လူကြီးတွေထမင်း (ခေါက်ဆွဲရော ဘာဂါရော ပါတယ်)စားတဲ့အခါ စားသောက်တာနဲ့အတူ လေကိုပါ မြိုချကြတယ်။ ဒါ့ကြောင့် အစာအိမ်ထဲကို လေတွေပါ ၀င်သွားတယ်။ လေက များရင်ဖြစ်ဖြစ်၊ စားနေရင်းနဲ့ စားပြီးစ ကိုယ်ခန္ဓာ အနေအထား အဆင်မသင့်ရင် လေထွက်ချင်တာနဲ့ အန်တတ်ပါတယ်။

မေးထားသလို ရုတ်တရက် အသက်ရှုရပ်ပြီး၊ မျက်နှာနီရဲလာရင်


အန်ဖတ်တွေ အသက်ရှူလမ်းထဲ မ၀င်အောင် ဂရူစိုက်ပါ။ ၀င်နေမယ် ထင်ရင် ရှင်းထုတ်ပြစ်ပါ။ ပြုစုသူက မပျာပါနဲ့။ စိတ်အေးအေးထားပြီး အသက်ပြန်ရှူနိုင်အောင် အနေအထား ပြုပြင်ပေးပါ။ လည်ပင်း ဆန့်နေပါစေ။ လိုအပ်ရင် အောက်ခံမာမာပေါ် သိပ်ထားလိုက်ပါ။ လိုအပ်သေးရင် လည်ပင်းအောက်က အနှီးတခုခု ခေါက်ပြီး ခံထားပေးပါ။ နောက်ထပ်လိုသေးရင် ကြမ်းမာမာပေါ်သိပ်ထားပြီး၊ ကလေးရဲ့မေးစေ့ကို အထက်ပင့်ထားပေးပါ။ အထက်ဆိုတာ ကလေးကို ပက်လက် သိပ်ထားတဲ့အနေအထားကနေ ပြောတာပါ။ အန်ချင်နေသေးရင် ခေါင်းကို တဖက်ဖက် စောင်းပေးရပါမယ်။

အဆိုးဆုံးဖြစ်သွားရင် CPR လုပ်နည်းကို သုံးရပါတော့မယ်။ ရင်ပတ်ကိုဖိပေးတာနဲ့ ပါးစပ်ကနေ လေမှုတ်သွင်းပေးတာကို ဆိုလိုတာပါ။ http://dts-medicaleducation.blogspot.com/search?q=CPR မှာ တင်ထားတာရှိပါတယ်။

ကာကွယ်ဘို့ကတော့


နို့တိုက်ပြီးတိုင်း လေထုတ်ပေးရပါမယ်။ ကလေးကို ပခုံးပေါ်မှာ ထောင်လျက်ကလေး အသာအယာထိန်းပေးထားပြီး၊ ကျောကလေးကို သပ်ပေးရတာပါ။ လေထွက်သွားရင် စိတ်ချရပါပြီ။

နို့ဗူးတိုက်သူများ နို့ဗူးထဲက နို့ကိုဘဲ ကလေးပါးစပ်ထဲ ၀င်ပါစေ။ လေမ၀င်ပါစေနဲ့။ နို့သီးခေါင်းထဲမှာ နို့သက်သက်သာ ရှိနေရမယ်။ လေမပါစေရပါ။ နို့ဗူးကို အောက်စိုက်ဘို့ပြောတာပါ။

တင့်ဆွေ

source : http://health.ngoinmyanmar.org/2009/07/blog-post_31.html

h1

ကလေး ရေချိုးခြင်း

July 30, 2009

ကလေးကို တစ်နေ့ ကို ဘယ်နှကြိမ်မှ တစ်ခါ ရေချိုးပေးမယ်လို့ ပုံမှန်ရယ်လို့တော့ မရှိ။ ရာသီဥတု အေးလျှင် တစ်မျိုး၊ ပူလျှင် တစ်မျိုး တော့ရှိမည်.။ အညာမှာ တော့ လူကြီးတွေကအစ ရေကြောက်ကြတယ်။

ကလေးကို မွေးကတည်းက ခြောက်လသား အထိ ရေနှစ်ခါသာ ချိုးပေးဖူးသော မိဘ အကြောင်းကို ကျွန်တော် ဆောင်းပါး ထဲ ထည့်ရေးခဲ့ဖူးသည်။

ကလေးကို ရေမချိုးပေးသဖြင့် ကြေး(ဂျီး)ထူရာက အနာပေါက်၊ အနာပေါက်ရာက ကျောက်ကပ်ရောင်သည့် ကလေးတွေ တွေ့ရတာ များလွန်း သဖြင့် `ရေမချိုး လို့ မဖြစ်သည့် ရောဂါ´ အမည်ဖြင့် ကျောက်ကပ်ရောင် ရောဂါ အကြောင်း လည်း ရေးခဲ့ ဖူးသည်။

ရေချိုးသည့် နေရာမှာ ကလေး ဖျားလျှင် ရေချိုးလို့ ဖျားတာဟု သတ်မှတ် ပါက မိုးရွာတာ ဖားအော်လို့ ဆိုတာမျိုး ကြုံသလို အတင်းဆွဲ ဆက်စပ် ယူထားသည့် အခြေ အမြစ် မခိုင်လုံ ၊
သိပ္ပံနည်း မကျသော ကောက်ချက်သာ ဖြစ်လိမ့်မည် ဟုလည်း ကျွန်တော် ရေးခဲ့ ပါသည်။ ပူသည့် ရာသီ တစ်နေ့ တစ်ခါတော့ ချိုးပေါ့။ ဆော့ထားလို့ ချွေးတွေ သံတွေနှင့် ဖြစ်နေလျှင်လည်း ချွေးတိတ်အောင် ခဏ စောင့်ပြီး ထပ်ချိုးပေါ့။ အေးသည့် ရာသီကျတော့ ရေနွေးစပ်ချိုး၊ တစ်ရက်ခြားလောက် ချိုးပေါ့။

သေချာတာ ကတော့ အသက် တစ်နှစ်အောက် ကလေးထက် စာလျှင် စိန်တုံးကြီး အရွယ်က ပိုဆော့၊ ချွေးပိုထွက် သဖြင့် ရေပို ချိုးဖို့တော့ လိုလိမ့်မည်။

ရေချိုးလျှင် Baby Soap ဒါမှမဟုတ် Shampoo ခေါ် ကလေးသုံး ဆပ်ပြာတုံး ၊ ဆပ်ပြာကို လိုက်သုံး လျှင် ရမည်လားဟု မေးတတ် ကြသည်။ ပုံမှန် ကလေးများ အတွက် ကတော့ မိသားစုသုံး လူကြီး ဆပ်ပြာကို လိုက်သုံး လို့ ရပါသည်။ ကလေး ဆပ်ပြာများ၏ အဓိက ကောင်းသည့် အချက် ကတော့ မျက်လုံးထဲ မတော် တဆ ၀င်လျှင် မစပ်တာပါ။

နို့ပွေး၊ နှင်းခူ ထူသည့် ကလေး အတွက်တော့ Hypoallergic ခေါ် အမွှေး နံ့သာ မပါ၊ ဆိုးဆေး မပါ သည့် ဆပ်ပြာ ကို သုံးရပါမည်။ အဲဒါတွေကို Wellness မဂ္ဂဇင်းထဲမှာ `ပွေး မဟုတ်သော နို့ပွေး´ အမည်ဖြင့်လည်း ကျွန်တော် ဆောင်းပါး သက်သက် ရေးခဲ့ ဖူးပါသည်။

အနှီးလောင်တာ

အနှီး သို့မဟုတ် Diapper ခေါ် သေးခံ လောင်တာ တစ်နှစ်အောက် အရွယ် ကတည်းက ကြုံတွေ့ ခဲ့ရသည့် ပြဿနာပါ.။ တချို့ ကလေးတွေ စိန်တုံးကြီး အရွယ် အထိ သည်ပြဿနာ ဆက်တက် နေရ ပါသည်။

နေ့ခင်းမှာ ရှူးရှူးပေါက် မချတတ် တော့တာ အသက် နှစ်နှစ် ၊ ညမှာ ပါ ပေါက်မချ တတ်တော့သည့် အရွယ်က လေးနှစ်ပါ။ နေ့ပဲ ဖြစ်ဖြစ် ၊ ညပဲ ဖြစ်ဖြစ် အီးအီး ပါမချ တတ်တော့ တာက သုံးနှစ်ပါ။

ဒီ အရွယ် မတိုင်မီ က Diapper သေးခံ သုံးသုံး မသုံးသုံး ရှူးရှူး အီးအီး တို့နှင့် ကလေး

အသား ထိထိ နေသည့် ပြဿနာ ကတော့ ရှိနေဦးမှာ ပင်။ တချို့ ကလေးတွေ အတွက် အဲဒါက ဘာမှ မသိသာ ပေမဲ့ တချို့ ကလေးတွေ အတွက် ကတော့ အရေပြား တွေ လောင်တတ် ပါသည်။

ကျွန်တော်တို့ အသုံးများတာ ကတော့ ဇင့် အောက်ဆိုဒ် လိမ်းပေးပါ။ အနှီး သို့မဟုတ် Diapper သေးခံလဲ တိုင်း ကလေး အီးအီး ၊ ရှူးရှူး တို့နှင့် ထိတွေ့ နေကျ နေရာများကို လိမ်ပေးလျှင် သက်သာ ပါသည်။ ဗယ်ဆလင်း အဆီသည် လိမ်းပေးနိုင် သော်လည်း လောလောဆယ်မှာ တော့ ဇင့်အောက်ဆိုဒ် က တော်တော် ရှာရ လွယ်ပါသည်။

တစ်ခါ တစ်လေ မှာ အနှီး လောင်ထားတာ နီနီ ရဲရဲ အသားပြင်လေး က ပေါင်ခြံ အကွေး၊ ရှူးရှူး အီအီး မထိနိုင်သော နေရာ အထိ တစ်ဆက်တည်း လောင်နေသည့် အပြင် အနီပြင်၏ ဘေး ၊ အဆုံးနေရာ များတွင်ပါ သဲမှုန်လေးများ ကြဲပက်လိုက်သလို ဟိုတစ်စက် ဒီတစ်စက် အသားကောင်း နေရာများ အထိ ပျံ့နှံ့ နေပါက Candida ခေါ် မှိုပိုး တစ်မျိုးကြောင့် ဖြစ်နိုင်ပါသည်။ အဲသလို တွေ့လျှင် Clotrimazole ပါသော မှိုပိုး လိမ်းဆေး တစ်မျိုးမျိုး (ဈေးကွက် ထဲ တွင် နာမည် တော်တော် များများ ရှိပါသည်) ကို တစ်နေ့ နှစ်ခါ တစ်ပတ် ခန့် လိမ်းပေး ရပါသည်။



Read the rest of this entry »

h1

ရင်ကျပ် ပန်းနာ

July 28, 2009
ရင်ကျပ်ပန်းနာ ဆိုလိုက်တာနှင့် 	  ဒီတစ်ခေါက် မကွေး ပြန်ရောက်တော့ ပါမောက္ခ၊ ဌာနမှူး အဆင့်မို့ အလုပ်ပိုများလာသည်။ မိသားစုရှိရာ ရန်ကုန်သို့ ခဏခဏ မပြန်ဖြစ်။ ရန်ကုန်က ဆေးခန်းကိုလည်း သူငယ်ချင်းနှင့် ထားခဲ့ရသည်။ အဲဒီ သူငယ်ချင်းက ဘွဲ့အားလုံးနီးနီး ကျွန်တော်နဲ့အတူတူ ရခဲ့ပြီး အသက်တောင် ၁၃ရက်တည်း ငယ်သည့် တန်းတူအဆင့် ဆရာဝန်ကြီးပါ။ စိတ်ရှည်တဲ့ နေရာမှာ ကိုယ့်ထက် သာသေးသည်။ 

ဟိုတစ်လောက ရန်ကုန် ခဏပြန်ရင်း ဆေးခန်းတစ်ရက် ပြန်ထိုင်တော့ လူနာရှင် မိဘတစ်ဦးက သူ့ကလေး ပန်းနာရင်ကျပ် ချောင်းဆိုးတာ သူငယ်ချင်း ဆေးပေးတာ မပျောက်ဟု ဆိုကာ ကျွန်တော့်ကို ပြန်လာပြသည်။ သူငယ်ချင်း တိုက်ထားသည့် ဆေးကို ကြည့်လိုက်တော့ ကျွန်တော်လည်း တိုက်ချင်သည့် ဆေးပါပဲ။ ဘယ်နှရက် တိုက်ပြီးပြီလဲဟု မေးကြည့်တော့ အံ့သြစရာ။ လုံးဝ မတိုက်ရသေးပါတဲ့။ ဘာဖြစ်လို့ မတိုက်တာလဲဟု မေးတော့ ဆရာ့ သူငယ်ချင်းက ကျွန်မကလေးကို ပန်းနာရှိတယ်လို့ ပြောတယ်။ ပြီးတော့ ဆေးအပြင်းတွေ တိုက်တာကိုးဟု ဖြေသည်။ ကျွန်တော်လည်း ရင်ကျပ် ရှိတယ်လို့ ပြောဖူးတာပဲ။ အဲဒီဆေး တိုက်ဖူးတာပဲဟု စာအုပ်ကို နောက်ပြန် လှန်ရှာပြီး ပြောတော့မှ အံ့သြရသည်။

အင်္ဂလိပ်စကားက Asthma ပန်းနာဟု ဘာသာပြန်ပြန် ရင်ကျပ်ဟု ဘာသာပြန်ပြန်၊ လေပြွန်လေးတွေ ကျဉ်းကျဉ်းသွား၍ ချောင်းဆိုးပြီး မောနေတတ်သည်ဟု အဓိပ္ပာယ်ရသည်။

အဲသည် နာမည်ကလေး တပ်ရုံနှင့်တော့ ပြူးပြူးပြာပြာ မဖြစ်သင့်ကြဟု ကျွန်တော်ထင်သည်။ ဆေးပြင်းသည် ဆိုသည့်စကား ဘာမှ အဓိပ္ပာယ် မရှိကြောင်း ကျွန်တော် ခဏခဏ ရေးဖူးပါသည်။ ဆေးမတိုက်ဘဲ ထားတော့ ရောဂါကရော အန္တရာယ် မရှိတာ ကျနေတာပဲ။

ကျွန်တော်က ဖြည့်ပြောပြတတ်တာလေး တစ်ခုပါပဲ။

ဒီရောဂါ ဖြစ်သည့်အချိန်မှာ ဆေးပေးလည်း ခဏသာ ယခုတစ်ခေါက်သာ သက်သာမည်။ ပြန်ဖြစ်တတ်သည်။ ဘယ်လောက်တစ်ခါ ပြန်ဖြစ်သည် ဆိုတာက တစ်ယောက်နှင့် တစ်ယောက် မတူ။ တစ်နှစ်မှာ တစ်ခါလောက် ဖြစ်တတ်သည့် ကလေးကတော့ ဖြစ်လာလျှင် ဆေးသောက် လုံလောက်သည်။ တစ်လတစ်ခါ ဖြစ်နေလျှင်တော့ ကာကွယ်ဆေးတွေ မှန်မှန်ရှူဖို့ လိုမည်။ လူကြီး ရင်ကျပ်ရောဂါနှင့် မတူတာကတော့ ကလေး ရင်ကျပ်ပန်းနာ ဝေဒနာရှင် ထက်ဝက်ခန့်က လူကြီးဘ၀အထိ ပါမသွား။ ကြီးလျှင် ပျောက်သွားမည်ဟု အဲသလို ပြောပြလျှင် လက်ခံကြတာ များသည်။

ကဲ… ဘာပဲဖြစ်ဖြစ်။

ရေးဖူးတာ များနေပြီးသား သည်ပန်းနာရင်ကျပ်ရောဂါ ကလေးအကြောင်း မပြောရသေးတာ တချို့တော့ ဖြည့်စွက်ရတော့မည် ထင်မိ၏။

ကလေးတွေဘာကြောင့် ရင်ခဏခဏကျပ်

အာဂန္တု ရောဂါတွေလည်း ရှိသည်။ တစ်ခါကျပ်ပြီး နောက်ပြန်မကျပ်တော့တာမျိုး။ များသောအားဖြင့် အသက် နှစ်နှစ်အောက် စိန်တုံးကြီးများ အရွယ်မှာ တွေ့ရတတ်တယ်။

ခဏခဏ ပြန်ကျပ်နေရင်တော့ ပန်းနာရင်ကျပ်ကို စဉ်းစားရမည်။ ဒါမျိုး မျိုးရိုးလည်း လိုက်တော့လိုက်သည်။ ကူးစက်ရောဂါတော့ မဟုတ်။ Read the rest of this entry »

h1

တွတ်ပီ

July 6, 2009

ဝိညာဉ်သစ် ၀ပ်ဆိုဒ်မှ သွားယူလာသည်။ တွတ်ပီကာတွန်း ဖတ်ရတာ သဘောကျလို့လေ ….

h1

Acer keyboard locked

May 14, 2009
Acer Laptop Key board မှာ ရိုက်လိုက်တိုင်း  U – 4,I – 5, O – 6, P -,J – 1,K – 2, L – 3, etc … number တွေ ပေါ်နေလို့ laptop keyboard မသုံးဖြစ်တော့ပဲ ရိုးရိုး ubs key board ပဲ သုံးနေတာ ကြာပီ။ ဒီနေ့တော့ google မှာ ရှာကြည့်အုံးမှ ဆိုပီး ရှာကြည့်လိုက်တာ။ ကိုယ်လိုမျိုး ဖြစ်နေတဲ့ လူက help.com မှာ မေးထားတာ သွားတွေ့လိုက်တော့ တော်တော် အဆင်ပြေသွားတယ်။ thank you ပါ google ရယ်။

lap top key board က Fn key & F11 @ Num Lk ကို တပြိုင်နက် နှိပ်ပီး သုံးလိုက်ရင် စောပိုင်းက number တွေ မပေါ်တော့ပဲ J K L ပြန်ပေါ်လာတယ်။

ဖြစ်ရမယ်လေ။ အဲဒီရက်ပိုင်းတွေက သားသား toddler online game ကို ဆော့တော့ press any key ဆိုတော့ ကီးဘုတ်ကို တဖြန်းဖြန်းနဲ့ ချတော့တာပေါ့။ အဲဒီမှာ lock ကျသွားတာ နေမှာ။ ကူညီပေးခဲ့တဲ့ web site link က ဒီနေရာမှာ ….


h1

ခံယူချက်

May 10, 2009

Fwd Mail ထဲက သိမ်းထားချင်တဲ့ မှတ်ဖွယ်ရာရာလေးတွေပါလို့ သိမ်းထားလိုက်ပြန်ပါပီ။ ဘယ်သူရေးထားတယ်ဆိုတာ မပါလို့ ဘယ်သူမှန်းကို မသိပါဘူး။

၁) သံပရာပင်

သစ်ပင်တစ်ပင်ရှေ့ ကိုယ်အမြဲဖြတ်တယ်။ အဲဒီသစ်ပင်မှာ တစ်ခြားသစ်ပင်လိုပဲ
စိမ်းစိုတဲ့ သစ်ရွက်တွေရှိတယ်။ ပန်းပွင့်တွေရှိတယ်။ အဲဒီသစ်ပင်က ကိုယ့်အတွက်
ဘာမှမထူးခြားလို့ သတိမထားခဲ့မိဘူး။ ဒါပေမယ့် တစ်ရက်မှာ အဲဒီသစ်ပင်ရှေ့
ကိုယ်ရုတ်တရက် ရပ်လိုက်မိတယ်။ မရည်ရွယ်ဘဲ အပင်ပေါ်က အရွက်တစ်ရွက်ကို ဆိတ်ပြီး
ချေမွကြည့်တယ်။ တခဏအတွင်း သင်းပျံ့တဲ့ ရနံ့တစ်ခု လေထဲ လွင့်ဝဲလာခဲ့တယ်။
မွှေးကြိုင်တဲ့ရနံ့ကို
ကိုယ်ရှုရှိုက်မိပြီး ဒီသစ်ပင်ဟာ သံပရာ(ရှောက်)ပင် ဆိုတာ ကိုယ်သိလိုက်တယ်။
ကိုယ့်ပတ်ဝန်းကျင်လေထုမှာ
သံပရာရနံ့က သင်းပျံ့မွှေးကြိုင်နေခဲ့တယ်။ နောင်နောက် သစ်ပင်ရှေ့ ကိုယ်ဖြတ်တိုင်း
အဲဒီသစ်ပင်က အရင်ကလို ကိုယ့်အတွက် အဓိပ္ပါယ်မဲ့ မနေခဲ့တော့ဘူး။

သံပရာပင်ကို ချည်းကပ်သလိုမျိုး အရင်က ကိုယ်တကယ် မသိ၊ နားမလည်ခဲ့တဲ့
သူငယ်ချင်းတွေကို ချည်းကပ်ပါ။ သူတို့ဆီကနေ မွှေးကြိုင်တဲ့ရနံ့တွေ
ထွက်လာနိုင်ပြီး ကိုယ်တို့ကြားမှာ လွင့်ဝဲနိုင်ပါလိမ့်မယ်။

c

(၂) ကော်ဖီ

မနက်အိပ်ရာထတိုင်း ကော်ဖီခါးခါးတစ်ခွက်က ကိုယ့်အတွက် မရှိမဖြစ်ပါ။ ကော်ဖီတွေ
လည်ချောင်းတစ်လျှောက် စီးဆင်းသွားမှ ကိုယ့်ဦးနှောက်တွေ ကြည်လင်လာတယ်။

ကော်ဖီသောက်သလိုပဲ…..
ခါးသီးတဲ့ အတွေ့အကြုံ၊ အခက်အခဲတွေနဲ့ ကြုံခဲ့ဖူးမှ ကိုယ့်အတွေးတွေ
ကြည်လင်လာနိုင်တယ်။ အမှားအမှန် ခွဲခြားလာနိုင်တယ်။ စိတ်ထိခိုက်
နာကျင်ခံစားဖူးမှ ကြံ့ခိုင်မှုကို သင်ယူနိုင်တယ်။ ဒါကြောင့်
ထိခိုက်နာကျင်ခဲ့သမျှကို အထက်တန်း ကော်ဖီမှုန့်လို့ သတ်မှတ်ပြီး
စဉ်းစားဆင်ခြေဥာဏ်ဆိုတဲ့ ရေပူပူထဲ ထည့်ဖျော်လိုက်ပါ။ အဲဒီကော်ဖီခါးနဲ့
ကိုယ့်ဦးနှောက်၊ ကိုယ့်အတွေးအိမ်ကို ကြည်လင်ပါစေ။

Read the rest of this entry »

h1

ကလေးကျန်းမာရေးစာစောင်

May 9, 2009

အသက် ၆ လအထိမဖြစ်မနေမိခင်နို့တိုက်ပါ . . .

ယနေ့အချိန်တွင်ကလေးငယ်များအား ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးရန် ကျန်းမာရေးဝန်ထမ်းများက တိုက်တွန်းလျက်ရှိသည်။ မိခင်နို့ရည်တိုက်ကျွေးခြင်းသည် အကျိုးထူး ၇ ရပ်ကိုရရှိစေနိုင်မည်ဖြစ်သည်။

(၁) ပဋိဇီဝပစ္စည်းများ

ပဋိဇီဝပစ္စည်းများသည် ခန္ဓာကိုယ်အတွက်လက်နက်အင်အားများဖြစ်ကြသည်။ မိခင်နို့ရည်တွင်ပဋိဇီဝပစ္စည်းများ (အင်တီဘော်ဒီများ Antibodies) အများအပြားပါဝင်သည်။ ကလေးငယ်အတွက်ခုခံစွမ်းအားစနစ်ကိုကောင်းမွန်စေပြီး ရောဂါများစွာကိုကာကွယ်ပေးနိုင်မည်ဖြစ်သည်။

(၂) သံယောဇဉ်ကြိုး

မိခင်နို့ရည်ကိုတိုက်ကျွေးခြင်းသည် မိခင်နှင့်ကလေးငယ်ကြားသံယောဇဉ်ကြိုးကိုခိုင်မြဲစေသည်။ စိတ်ပိုင်းဆိုင်ရာရင်းနှီးမှုကိုဖြစ်ပေါ်စေပါသည်။

(၃) လွယ်ကူအဆင်ပြေခြင်း

မိခင်နို့ရည်သည်အချိန်အခါမရွေး အလွယ်တကူတိုက်ကျွေးနိုင်သည်။ အလုပ်မများ၊ အချိန်မကုန်၊ လူမပင်ပန်းဘဲရရှိနိုင်သည်။ တိုက်ကျွေးရာတွင်အကောင်းဆုံး၊ အသင့်တော်ဆုံးအနေအထားရှိနေသည်။

(၄) အစာချေလွယ်ခြင်း

ကလေးငယ်၏အစာလမ်းကြောင်းသည် မိခင်နို့ရည်တွင်ပါသောအစာအဟာရများကို အလွယ်တကူ ချေဖျက်စုပ်ယူနိုင်စွမ်းရှိသည်။

(၅) ဉာဏ်ရည်ပိုမိုကောင်းမွန်စေခြင်း

ကလေးငယ်များသည်မိခင်နို့ရည်သောက်သုံးခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုကိုကောင်းစေပြီး ဉာဏ်ရည် ဖွံ့ဖြိုးမှုကိုအားပေးပါသည်။

(၆) ငွေကြေးသက်သာခြင်း

မိခင်နို့ရည်သည်ငွေကြေးကုန်စရာမလိုဘဲ တိုက်ကျွေးနိုင်သည့်ကလေးငယ်အတွက် အကောင်းဆုံး အာဟာရဖြစ်ပါသည်။

(၇) မိခင်၏အလှအပ

နို့တိုက်မိခင်များသည်သားသမီးမွေးဖွားပြီးနောက် မူလအချိုးအစားကျနလှပါသော ကိုယ်ခန္ဓာကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။

Ref: Family Health (No-98)
အိ (ဆေး – ၁)

Read the rest of this entry »

h1

ကောင်းကောင်း အိပ်ပျော်စေဖို့…

May 9, 2009

သင့်ကလေးကို အိပ်ပျော်သွားအောင် သိပ်ရတာဟာ သင့်အတွက် ခက်ခဲနေပါသလား။ ဒါဆိုရင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်ပါ။

* ကလေးကို ပုံမှန်အိပ်ချိန် သတ်မှတ်ပေးထားပါ။ သတ်မှတ်ထားတဲ့အချိန် ရောက်ရင်ကလေးဟာ အိပ်ချိန်ရောက်ပြီဆိုတာ သိနေပါစေ။
* ညစာစားပြီး အိပ်ရာမ၀င်ခင် အဆာပြေမုန့်တစ်ခုခု ကျွေးချင်ကျွေးလို့ရပါတယ်။ ပြီးရင် သွားတိုက်ပေးပါ။
* အိပ်ရာဝင် ပုံပြင်ပြောပြတာဟာ ကလေးရဲ့စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီး အိပ်ပျော်သွားဖို့ အထောက်အကူပေးပါတယ်။
* သင့်ကလေး အိပ်ချိန်ရောက်ပြီဆိုရင် သူ့အခန်းကို တိတ်ဆိတ်ပြီး မှောင်နေပါစေ။ ပြီးရင် ကလေးကို အခန်းထဲမှာထားခဲ့ပါ။
* ညသန်းခေါင်ကလေးနိုးလာတဲ့ အချိန်တိုင်း ကလေးအခန်းကို မသွားပါနဲ့။ ကလေးကတော့ သင့်ကို သူ့ဆီလာစေချင်မှာပါ။ တစ်ယောက်တည်းလည်း အိပ်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို ပုံမှန်အိပ်စက်တဲ့ အလေ့အကျင့်ရစေဖို့ ဒီလိုပဲ သတိထားပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

Ref: SSMN, Good Health No.87

နည်းနည်းကြီးလာသော ကလေးများကို အိပ်ပျော်အောင် သိပ်နည်း

(၁) ကလေးငယ်ကို အိပ်ရာထဲ ထည့်မသိပ်ခင် ကလေးငယ်စိတ်ကို ပျော်ရွှင်လန်းဆန်းနိုင်သလောက် ပျော်ရွှင်စွာနေပါစေ။
(၂) ကလေးငယ်ကို အိပ်ရာထဲ ထည့်မသိပ်ခင် မိခင်နို့ (သို့) နို့ဘူးဖျော်တိုက်ပါ။
(၃) ကလေးငယ်အကျင့်ရသွားစေရန် ညစဉ်ညတိုင်း ပုံမှန်ပြုလုပ်နေကျတွေကို အမြဲပုံမှန်ပြုလုပ်ပြီးမှ သိပ်ပါ။ ပုံမှန်အမြဲချော့မြှူခြင်း၊ ဆော့ကစားစေခြင်း၊ ကိုယ်လက်သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ သီချင်းဆို ချော့မြှူခြင်း၊ ပုံပြောပြခြင်း၊ နှုတ်ဆက်စကားပြောခြင်း စတာတွေကို ပုံမှန်ပြုလုပ်နေကျအတိုင်း ပြုလုပ် ပြီးမှ သိပ်ပါ။ ကလေးငယ်ကို အိပ်ခန်းထဲမှာ တစ်ယောက်တည်းပစ်ထားပြီး မသိပ်သင့်ပါ။
(၄) သူကြိုက်နှစ်သက်ပြီး သက်သောင့်သက်သာဖြစ်စေတဲ့အရာတွေကို အိပ်ရာဘေးထားပေးပါ။ ဥပမာ- အိပ်ပျော်နေခိုက် ရင်ဘတ်ကို စောင်နဲ့ ဖိထားပေးခြင်း၊ ဒါမှမဟုတ် နို့စို့လွန်သူဖြစ်ပါက ချိုလိမ်၊ လက်မတစ်ခုခုပေးစို့ ထားပေးလိုက်ပါ။

K, Health Digest – Vol.4, No.49

h1

ကလေး ကျန်းမာရေး ပညာပေး

May 8, 2009

ကလေးမျက်စိ ကျန်းမာရေး အစဉ်ဂရုစိုက်စောင့်ကြည့်ရန်လိုအပ်

မျက်စိကျန်းမာရေး သုတေသီက ကလေးသူငယ်တို့၏ မျက်စိကျန်းမာရေးကို အစဉ်အမြဲဂရုစိုက်စောင့်ကြည့်ရန် လိုအပ်သည်ဟုဆိုပါသည်။အဘယ့်ကြောင့်ဆိုသော် ကလေးသူငယ်တို့သည် ရုပ်ပုံ၊ စာအုပ်၊ ရှုမျှော်ခင်းစသည် တို့ကိုကြည့်ရှုသောအခါ၌ ၄င်း၏မျက်စိသည်ရှေ့တည့်တည့်ကြည့်ပါသလား၊ စွေစွေစောင်းစောင်း ကြည့်ပါ သလား၊သို့မဟုတ် မျက်စိကိုမှေး၍ကြည့်ပါသလားစသည်တို့ကို အကဲခတ်လေ့လာရန်လိုပါသည်။ ယင်းသို့ မူမမှန်သော ပြုမူမှုတစ်ခုခု တွေ့ရှိရပါက ရောဂါကိုမွေးမထားဘဲ၊ ရောဂါကိုပစ်မထားဘဲ မျက်စိအထူးကု ဆရာဝန်နှင့် ပြသ၊ကုသမှုခံယူသင့်ပါသည်။သို့မဟုတ်ဘဲ လျစ်လျူရှုထားခဲ့လျှင် မျက်စိအခြေအနေ ပိုမိုဆိုးဝါး သွားပြီး မျက်စိကန်းတတ်၊မျက်စိအလင်း ကွယ်တတ်သည်ဟုဆိုပါသည်။

ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်)

ငြိမ်ငြိမ်နေတတ်သော ကလေးများအား အားကစားလှုပ်ရှားမှု အားပေးပါ။

မိမိမွေးဖွားထားသော သားသမီးများထဲတွင် ကစားလွန်း၊ဆော့လွန်းသော ကလေးများရှိသကဲ့သို့ မကစားလို၊မဆော့လို ငြိမ်ငြိမ်နေတတ်သော ကလေးများရှိတတ်ပါသည်။ သုတေသီက ထိုငြိမ်ငြိမ်နေတတ်သော ကလေးများကို ပစ်မထားဘဲ ငြိမ်ငြိမ်နေပြီး စာချည်းကုန်းဖတ်နေလျှင် ကျန်းမာရေးထိခိုက်တတ်သည်ဖြစ်၍ ကလေးများအားကစား လှုပ်ရှားချင်လာအောင် အားပေးရပါမည်။ လိုအပ်လျှင် မိဘအုပ်ထိန်းသူများအဖို့ ကလေးများနှင့်အတူ ဆော့ကစားခြင်း၊ အားကစားလှုပ်ရှားခြင်းပြုလုပ်ပေးရန် အရေးကြီးပါသည်။ ကလေးအသက် ၃နှစ်အရွယ်မှစ၍ ကွန်ဖူးတစ်မျိုးမျိုး သင်ကြားပေးသင့်သည်ဟု ကလေးကျန်းမာရေး သုတေသီက ဆိုပါသည်။

ကေတီအောင်သိန်း(ရန်ကုန်တက္ကသိုလ်)
Ref: C.S.T (Singapore), 14.7.08

Read the rest of this entry »

h1

ခေါင်းလောင်းသံစာတမ်း

May 8, 2009

‎(၁)‎
ကြယ်တာရာတွေစူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ကဝေည
မေမေ့ … ကိုကျွန်တော်သတိရလိုက်တာ … ‎

ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာလူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့တဖျန်းဖျန်းရိုက်ကြတယ် … ။

လောကအတုမှာ … လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ … ‎
ကျွန်တော့်အတွက်တော့မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု … ဘယ်မှာလဲ
ဘယ်မှာလဲ … .. ။

မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကိုစောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ … ။

Read the rest of this entry »

h1

Spaghetti

May 6, 2009
Spaghetti

Spaghetti

အိမ်တွင်းဖြစ် Ready Made များနဲ့ စားဖြစ်တဲ့ Spaghetti ခေါက်ဆွဲ

အိမ်က ရှိတာလေးနဲ့ထပ်ပီး ဖြည့်ထားတာတွေကတော့ ….

ကြက်သား၊ Baby Corn၊ မုန်လာဥနီ

ကြက်သား၊ Baby Corn၊ မုန်လာဥနီ

ပုဇွန်၊ ငရုတ်သီးအစိမ်းပွ၊ pork sausage ပါးပါးလှီးထားတာတို့၊ mushroom၊ သီဟိုဌ်စေ့တို့ပါရင် ပိုမိုက်မယ်။ လောလောဆယ်တော့ ရှိတာတွေပဲ ထည့်ထားလိုက်တယ်။

ကြက်ဥပြုတ်၊ chicken sausage၊ ပြောင်းဖူးပြုတ်

ကြက်ဥပြုတ်၊ chicken sausage၊ ပြောင်းဖူးပြုတ်

City Mart ကနေ ၀ယ်ထားတဲ့ Heinz တံဆိပ် spaghitti sauce (၂၂၅၀ကျပ်) Riscossa Pasta Spaghetti Noodle (၁၃၈၀ကျပ်) နဲ့ ရောစားလိုက်တော့ အိမ်တွင်းဖြစ် Spaghitti ခေါက်ဆွဲလေး ဖြစ်သွားပါတော့တယ်။ သားသားလေးနဲ့ သမီးလေးကတော့ အရမ်းကြိုက်။

Heinz spaghitti sauce

Heinz spaghitti sauce

အဲဒီ ပုလင်းလေးကို မစားခင် Microwave နဲ့ ၂ မိနစ်လောက် အရင်နွေးပါတယ်။ အဲဒီ Heinz တံဆိပ်က ထုတ်တဲ့ ကလေးအစားအစာတွေကို သားသား ၅လသားလောက်ကတည်းက တစ်နေ့ကို ၂ဗူးနှုန်းနဲ့ စားတဲ့အခါတိုင်း Microwave နဲ့ နွေးပီးမှပဲ စားတာ အကောင်းဆုံးမို့ပါ။

ခေါက်ဆွဲ

ခေါက်ဆွဲ

h1

Happy Mother Day

May 4, 2009
May - 10, 2009 (Mother Day)

May - 10, 2009 (Mother Day)

အမေများအားလုံး
ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး
ချမ်းမြေ့၊ ကြည်ရွှင်၊ အေးချမ်း
ကြပါစေလို့
သက်နန္ဒာမိသားစုမှ
ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။

h1

အမေ့မှတ်တမ်း

May 4, 2009

ကျွန်မတို့ မောင်နှမတွေကြားမှာ အမေမရှိတော့တဲ့ အချိန်မှစ၍ ခံစားမှုအသစ်၊ လုပ်ရပ်အသစ်၊ အပြုအမူ အသစ်တွေ ဖြစ်နေကြသည်။ ကျွန်မက ကျွန်မ သွားလေရာဝန်းကျင် တစ်လျှောက်မှာ အမေ့အရွယ်နှင့် အမေ့အရွယ်ထက် မိန်းမကြီးတွေကို မြင်လျှင် တမေ့တမြော လိုက်ကြည့်ဆန်းစစ်နေတတ်သည်။ သူတို့၏နုပျိုမှု၊ ဇရာထောင်းမှု၊ သူတို့၏အပြင်ပန်း အမြင်အရ ကျန်းမာခြင်း မကျန်းမာခြင်း၊ သူတို့တွေရဲ့ ပြောပုံဆိုပုံ ၀တ်စားဆင်ယင်ပုံ အားလုံးကို ကျွန်မ စိတ်ဝင်တစား ငေးကြည့် နေမိတတ်ပါသည်။

ကုန်ကုန်ပြောရလျှင် ဘုရားပွဲက ကောက်ညှင်း ကျည်တောက်သည်တောင်မကျန် ဈေးသည်တွေ အများကြီးထဲကမှ အသက်ကြီးသော ထိုအဘွားကြီးဆီမှာပဲ ၀ယ်ချင်နေမိသည်။ စကားလေး ရသလောက်ပြောချင်နေသည်။ “လက်ပံတန်းက လာရောင်းတာ။ အသက်ရှစ်ဆယ်ရှိပြီ။ ဒါတွေ အမေကိုယ် တိုင်လုပ်တာ”ဆိုသော ထိုဈေးသည်အဘွားကိုကြည့်ရင်း ခြောက်ဆယ့်ငါးနှစ်နဲ့ လူ့လောကကို နှုတ်ဆက်သွားသော အမေ့အတွက် ကျွန်မစိတ်တွေ မသာမယာ ဖြစ်ရပြန်သည်။ ဘာရယ်မဟုတ် ဈေးသည် အဘွားကို “အမေ”ချင်းလှိုင် နေအောင် ခေါ်ဖြစ်ခဲ့ကာ ဈေးလျှော့ပေးနေသည့်ကြားက ပိုပိုသာသာတွေ ပေးဖြစ်ခဲ့ပြန် တာမို့ ဘေးနားမှာ လိုက်လာသည့် သမီးငယ်က နားမလည်သလို ကြည့်နေသည်။

သမီးငယ်ကသာ နားမလည်ခဲ့သော်လည်း ပွဲဈေး အပြန်လက်ဆောင်အဖြစ် အစ်မကို ကျွန်မ ကောက်ညှင်းကျည်တောက် သွားပေကာ “အဘွားကြီးဟယ်၊ လက်ပံတန်းကတောင် လာရောင်းတာ”တဲ့ဟု စကားစရုံ ရှိသေး “အေးလေ၊ ကျန်းမာတဲ့သူတွေကျတော့လည်း ဒီအရွယ်ထိ လုပ်နိုင်ကိုင်နိုင်တယ်နော်။ အမေ့ကျတော့လည်း”ဆိုကာ စကားမဆက်ခဲ့ပါ။ ဒါသည်ပင် ကျွန်မတို့ ညီအစ်မချင်းကြားမှာ အမေနှင့်ပတ်သက်ပြီး ဆက်သွယ်မှုလှိုင်းတွေရှိ နေခဲ့တာ အသိသာကြီးပင်။ အစ်မကတော့ ကျွန်မထက် တစ်မူထူး နေပြန်သည်။ အမေဆုံးပြီးမှ သူ၏ပြောင်းလဲမှုက ရပ်ကွက်ထဲကလူကြီးများ၏ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စများကို စိတ်ဝင်စားတတ်လာခြင်းပင်။ ဘယ်သူ နေမကောင်း လို့တဲ့ဟူသော အသံကြားရုံနှင့် အိမ်ဆိုအိမ်၊ ဆေးရုံဆိုဆေးရုံ လူနာနှင့် လိုက်ဖက်သော အစားအသောက်များယူကာ သွားရောက် အားပေးလေ တော့၏။ သူ ပြန်လာလျှင် လည်း သူ တွေ့ခဲ့သော လူကြီးသူမများ၏ အကြောင်းကို စိတ်မကောင်းဟန်နှင့် တဖွဲ့တနွဲ့ပြောပြတတ်သည်ကို ကျွန်မကလည်း ဘာအလုပ်မှမလုပ်ဘဲ စိတ်လို လက်ရ နားထောင်ဖြစ်ခဲ့ပါသည်။ ဒါသည်ပဲ ကျွန်မတို့၏ အလွမ်းဖြေမှု ပြယုဂ် မဟုတ်ပေလား။

Read the rest of this entry »